စက်ချုပ်သမ ဇနီးအလှ
*******************
အပ်ချုပ်စက်နင်းသံ စည်းချက်မှန်မှန်နဲ့
ကြိုးစားရှာသူ မောင့်ချစ်သူ..။
အားနွဲ့သူ မိန်းမသားရယ်လို့
အားငယ်စွာ စိတ်မှာမတွေး
ဝါသနာပါသည့်ပညာလေးနဲ့
ဘဝအရေးကို တစ်ဖက်လမ်းက
ဖြည့်စွမ်းချင်သူ..။
မောင်တစ်ထမ်း မယ်တစ်ရွက်လို
အချိန်ကို သူအသုံးချ
အလှအပနဲ့ နေရမယ့်အစား
ချုပ်ထည်တွေကြားမှာ
အလုပ်များရင်း ပျော်နေတတ်သူ...။
ချွေးစက်လေးတွေ နဖူးပြင်မှာခိုတွဲ
ပင်ပန်းနေလဲ မညည်းမငြူ
သည်လူမှာ မမြင်ရက်တာမို့
အနားယူပါ ပြောမိလေတိုင်း
"ရပါတယ် မောင်ရယ်..
စက်ချုပ်ရတာ ပျော်တယ်.." ဆိုတဲ့သူ..။
customer စိတ်တိုင်းကျ
အင်္ကျီလှလှ ထွက်တဲ့အခါ
ပင်ပန်းမှုတွေ ခဝါချ
ပြုံးပျော်ရတာ သူ့ဘဝတဲ့..
တချို့ customer ဆိုး
တမျိုးပြီးတမျိုးရစ်တဲ့အခါ
တိတ်ဆိတ်စွာ သည်းခံရင်း
သက်ပြင်းတွေအဖြစ်ပဲ ထားတတ်သူ..။
အိမ်ထောင်တာဝန်
ကျေပွန်တာလဲ ကိုယ့်အမြင်မို့
အကြင်နာတွေ မပြတ်တိုး
မနွမ်းရိုးတဲ့ မေတ္တာမျိုးတွေနဲ့
မြတ်နိုးစွာ ရင်ထဲ
ဘယ်အရာမျိုးနဲ့မှ လဲမရတဲ့
(ကျွန်တော့်ရဲ့)
ဇနီးအလှ စက်ချုပ်သမလေးပါ..။
ပန်းစွယ်တော်
(ဝါသနာပါသည့်ပညာဖြင့် ဘဝကို အလှဆင်နေကြသော စက်ချုပ်သမလေးများအတွက် ခံစားရေးသားသည်။)